စူးစူးရှရှ အလင်းတန်းတွေကို မခံနိုင်တာ ဘာကြောင့်လဲ
စူးရှရှ အလင်းတွေကို မျက်လုံးက ဒဏ်မခံနိုင်တာက မျက်လုံးမှာ ပါရှိတဲ့ အမြင်အာရုံခံလွှာရဲ့ အလင်းကို Sensitive ဖြစ်တဲ့ ဆဲလ်တွေကြောင့် ဖြစ်ပါတယ်။ နေရောင်၊ ဓာတ်မီး အလင်းရောင် စတဲ့ စူးရှရှ အလင်းရောင်တွေကို ထိပ်တိုက် ကြည့်ရင် လူတိုင်း အဆင်မပြေ ဖြစ်တတ်ပေမယ့် ပုံမှန် အလင်းဒဏ်ကို မခံနိုင်တာ၊ အလင်းနဲ့ ထိတွေ့တာနဲ့ မျက်လုံးတွေ နာကျင်တဲ့အထိ ဖြစ်နေမယ် ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။
မျက်လုံးက စူးရှရှ အလင်းတွေကို မခံနိုင်တာက ဘာကြောင့် ဖြစ်နိုင်လဲ?
မျက်ခွံ ရောင်ရမ်းခြင်း
မျက်ခွံ ရောင်ရမ်းခြင်း ဆိုတာ မျက်ခွံအနားတွေ ထိခိုက်မိတာ၊ အဆီတွေ ဒါမှမဟုတ် ဘက်တီးရီးယားတွေကြောင့် ယားယံတာ၊ နီရဲ ရောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ မျက်ခွံရောင်ရမ်းတာက မျက်ကြည်လွှာကို ထိခိုက်စေပြီး အလင်းတန်းတွေကို မခံနိုင် ဖြစ်တတ်ပါတယ်။
ရေတိမ်
ရေတိမ်ရောဂါက ဒုတိယ အဖြစ်များဆုံး မျက်စိရောဂါ တစ်မျိုး ဖြစ်ပါတယ်။ အမြင်အာရုံတွေ ကျဆင်းပြီး မြင်ကွင်းကျဉ်းစေနိုင်တဲ့ အတွက် အလင်းဒဏ် မခံနိုင်ဘဲ မျက်စိကွယ်စေနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။
အတွင်းတိမ်
အတွင်းတိမ်က မျက်စိကွယ်စေတဲ့ ရောဂါတွေထဲမှာ ပါဝင်ပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် အများဆုံး ဖြစ်ပါတယ်။ အလင်းတန်းတွေကို မခံနိုင်တာက အတွင်းတိမ်ရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
Grave’s Disease
သွိုင်းရွိုက် ဟော်မုန်း များတဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး မျက်စိပြူးလာတာ၊ ပုံရိပ်နှစ်ထပ် မြင်တာ၊ အလင်းဒဏ် မခံနိုင်တာ၊ မျက်စိကွယ်တာတွေ ဖြစ်နိုင်ပါတယ်။
Keratitis
မျက်ကြည်လွှာ ရောင်ရမ်းခြင်းကြောင့်လည်း အလင်းဒဏ် မခံနိုင်တာ ဖြစ်တတ်ပါတယ်။
Migraine
ခေါင်းတစ်ခြမ်းကိုက် ရောဂါက ဦးခေါင်းတစ်ဖက်တည်းကို ထိခိုက်စေတဲ့ ပြင်းထန်ခေါင်းကိုက်ခြင်း အမျိုးအစား ဖြစ်ပြီး အလင်းဒဏ် မခံနိုင်တာ၊ မအီမသာ ဖြစ်တာ၊ ပျို့အန်တာတွေနဲ့ တွဲဖြစ်လေ့ ရှိပါတယ်။
အရမ်းစူးရှတဲ့ အလင်းတွေက မျက်လုံးနဲ့ ခန္ဓာကိုယ်မှာ အလွန်အကျွံ လှုံ့ဆော်မှုတွေ ဖြစ်စေပြီး မျက်လုံးကို ပိုအလုပ်လုပ်စေပါတယ်။ တကယ်လို့ သာမန်နေပူထဲ သွားရင်တောင် မျက်လုံးနာကျင်မှု တွေ ဖြစ်နေမယ် ဆိုရင် မျက်လုံးကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ဆိုတဲ့ အကြောင်း မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)